United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

မြောက်ဥက္ကလာ နီလာဓမ္မာရုံအရေးအခင်းမှ အတွေးစများ

Anonymous | Wednesday, September 15, 2010 | 0 comments

15 Sept. 2010... ခေတ်ပြိုင်ပဲခူးက လူငယ်နှစ်ဦး သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့ ဖြစ်ရပ်ဆိုးကို ကြားတော့ ကျနော် အလုပ်သင်ဆရာဝန် ဘ၀က ကြုံတွေ့ခဲ့ရတဲ့ စစ်သားတွေနဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသားတွေအကြား ဖြစ်ပွားခဲ့တဲ့ အရေးအခင်းလေးတခုကို ပြန်သတိရမိတယ်။ ကျနော် အလုပ်သင်ဆရာဝန်ကာလ ပြီးတာက ၁၉၉၆၊ သြဂုတ်လကုန်မှာဆိုတော့ အဲဒီမတိုင်ခင် (လနဲ့ ရက်ကိုတော့ အတိအကျ မမှတ်မိ) မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းလေးပါ။ အရေးအခင်းလို့ သုံးနှုန်းရတာက လွန်ခဲ့တဲ့ (၈) နှစ်မှာ အာရ်အိုင်တီကျောင်းသား ကိုဖုန်းမော်သေဆုံးတဲ့ အရေးအခင်းကနေ ၈၈ အရေးတော်ပုံကြီးအထိ ကူးစက်သွားတာမျိုး ဖြစ်ခဲ့သလို အဲဒီညမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာဟာလည်း သက်ဆိုင်ရာ စစ်အာဏာပိုင်တွေအနေနဲ့ ကျေလည်အောင် မဖြေရှင်းနိုင်ရင် အရေးတော်ပုံအထိ ကျယ်ပြန့်သွားနိုင်တဲ့ အနေအထားမျိုးဖြစ်ခဲ့လို့ပါ။

အဲဒီညက ဆေးတက္ကသိုလ် (၂) ပရိဝုဏ်ရှိတဲ့ မြောက်ဥက္ကလာနယ်မြေတ၀ိုက်မှာ မီးပျက်ပြီး မှောင်မဲနေပါတယ် (မီးက အဲဒီညမှ ပျက်တာတော့မဟုတ်ပါဘူး၊ လာတဲ့နေ့က ခပ်ရှားရှားပါ)။ ကျနော် နေတာက နီလာလမ်းထိပ် (နီလာမှတ်တိုင်) မှာရှိတဲ့ အလုပ်သင်ဆရာဝန်ဆောင်မှာပါ။ ဆေးကျောင်းသားတွေနေတဲ့ ‘အမျိုးသားဆောင်’ က ကျနော်တို့နဲ့ တမှတ်တိုင်ပဲ ဝေးပါတယ်။ ရန်ကုန်မြို့ထဲဘက်ကလာရင် ရှေ့တမှတ်တိုင်ဖြစ်တဲ့ ဥက္ကာမှတ်တိုင် (ဥက္ကာလိမ်းထိပ်) မှာ ရှိပါတယ်။

ည (၈) နာရီဝန်းကျင်လောက် အလုပ်သင်ဆရာဝန်အဆောင်အောက်ထပ်က ကျနော့်အခန်းမှာ မြောင်းမြသား သူငယ်ချင်းတယောက်နဲ့ စကားကောင်းနေတုန်း အမျိုးသားဆောင်ဘက်ကနေ လူအုပ်နဲ့ ညာသံပေးပြီး ပြေးလာကြတဲ့ အသံတွေ ကြားရပါတယ်။ ပထမတော့ အရပ်သားတွေလား၊ ဆေးကျောင်းသားတွေလား၊ သူခိုးဖမ်းတာလား၊ ရန်ဖြစ်တာလား မသဲကွဲသေးဘူး။ ခြေသံတွေ တဖြည်းဖြည်းနဲ့ ပိုကျယ်လာပြီး စစ်သားတွေကို ကြိမ်းဝါးသံ၊ ကျောင်းသားကွလို့ ပေါက်ကွဲတောက်ခေါက်သံ၊ အော်ဟစ်ဆဲဆိုသံတွေ ကျနော်တို့နဲ့ ပိုမိုနီးကပ်လာမှ တချို့အသံတွေကို ကျနော် ကျက်မိပြီး အမျိုးသားဆောင်က ညီငယ်တွေမှန်း သိလိုက်ရတယ်။

ဒေါသူပုန်ထနေတဲ့ ဆေးကျောင်းသားတွေက ကျနော်တို့ အလုပ်သင်ဆရာဝန်အဆောင် ရှေ့တည့်တည့်က နီလာလမ်းထိပ်မှာရှိတဲ့ ဓမ္မာရုံကို လူအုပ်နဲ့ ၀ိုင်းပါတော့တယ်။ ကျနော်တို့နှစ်ယောက် ဓမ္မာရုံအနီးကို ကမန်းကတန်း ပြေးကြည့်ချိန်မှာ ကိုယ်ပိုင်ကားရှိတဲ့ ကျောင်းသားက အမျိုးသားဆောင်ကနေ ကားမောင်းယူလာပြီး နီလာလမ်းကို ကန့်လန်ဖြတ်ရပ်ကာ ဓမ္မာရုံအ၀တည့်တည့်ကို ကားမီးကြီးတွေနဲ့ ထိုးပါတော့တယ်။ ဆေးကျောင်းသားအုပ်က “ဟေ့ကောင်တွေ သတ္တိရှိရင် အပြင်ထွက်ခဲ့စမ်း” လို့ အထဲမှာရှိတဲ့ စစ်သားတွေကို အော်ဟစ်ကြိမ်မောင်းဆဲဆိုပြီး သံပန်းတံခါးကို ပြေးကန်သူက ကန်၊ ဓမ္မာရုံထဲကို ခဲနဲ့ လှမ်းပစ်တဲ့သူက ပစ်နဲ့ ဆူညံပွက်လောရိုက်နေပါတော့တယ်။ အဆောင်နေကျောင်းသား အကုန်လုံးနီးပါး ရောက်လာကြပြီး တဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲက လူတွေပါ ၀ိုင်းအုံလာတော့ လူအုပ်က တော်တော်ကြီးသွားပါတယ်။

ခဲတွေနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ထုနေတာကို ရပ်ကြည့်နေရင်း ဓမ္မာရုံထဲက စစ်သားတွေ အကြောက်လွန်ပြီး သေနတ်နဲ့ ပစ်ခတ်ခုခံမှာကို ကျနော် တော်တော်စိုးရိမ်နေမိပါတယ်။ ကျနော်တို့နှစ်ယောက် ဓမ္မာရုံရှေ့ကို ဖြည်းဖြည်းချင်း တိုးသွားပြီး ရင်းနှီးတဲ့ ညီငယ်တွေကို ဖျောင်းဖျကြည့်တယ်။ ဒါပေမယ့် ဒေါသအရှိန်တက်နေတဲ့ ညီငယ်တွေက “အစ်ကိုတို့ အသာနေ” ဆိုပြီး ဆွဲမရလွဲမရ ဖြစ်နေတော့တယ်။ ကားမီးထိုးထားတဲ့ ဓမ္မာရုံထဲကို ကြည့်လိုက်တော့ စစ်သားတွေက သေနတ်ကိုယ်စီကိုင်ပြီး အနောက်ဘက်နံရံမှာ ကပ်နေကြတယ် (အဲဒီအချိန်မှာ အထဲကနေ အတွဲလိုက် ဆွဲလိုက်လို့ကတော့ ပစ်ကွင်းရှေ့ရောက်နေတဲ့ ကျနော်တို့လည်း ကံမကောင်းရင် သွေးမြေကျတဲ့ထဲ ပါသွားနိုင်တယ်)။ စစ်သားတွေက ရပ်ကွက်လုံခြုံရေးတာဝန်နဲ့ ဓမ္မာရုံထဲမှာ စတည်းချနေကြသူတွေပါ။

တအုံးအုံးထုရင်း ဓမ္မာရုံသံပန်းတွေ ကွေးချိုင့်ကုန်ပေမယ့် စစ်သားတွေ ထွက်မလာကြတဲ့အဆုံး ဒေါသအရှိန် အမြင့်ဆုံးရောက်လာတဲ့ ကျောင်းသားတွေက သံပန်းတခါးကို ရိုက်ဖျက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီအချိန်မှာတော့ ပြဿနာရဲ့ ဇာစ်မြစ်ကိုလည်း ဂဃနဏ မသိ၊ သူတို့လောက်လည်း သွေးမဆူတဲ့ ကျနော်တို့နှစ်ယောက် (ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်တော့ အထဲက စစ်သားတွေ ကြောက်ကြောက်နဲ့ ပစ်ခတ်လိုက်မှာကို ကြောက်လို့) ကျည်ကွယ်လောက်တဲ့ နေရာအထိ နောက်ဆုတ်နေလိုက်ရတော့တယ်။

ဒေါသပေါက်ကွဲပြီး သွေးဆူနေတဲ့ ဆေးကျောင်းသား ညီငယ်တွေဟာ ကိုယ့်အသက်အန္တရာယ်ကိုယ် မမြင်ကြတော့ဘဲ သံပန်းတခါးပွင့်အောင် အုတ်ခဲတွေနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ထုနေကြတော့တယ်။ ကျနော်လည်း ဘေးက ရပ်ကြည့်နေရင်း သံပန်းတံခါး ပွင့်သွားလို့ကတော့ ကိုယ့်ညီတွေ အကြီးအကျယ် ကိုယ်ကျိုးနည်းကုန်ကြတော့မှာပဲလို့ တွေးပြီး ခြေမကိုင်မိ လက်မကိုင်မိ သွေးပျက်နေတော့တယ်။ တံခါးပွင့်သွားရင်တော့ အထဲက စစ်သားတွေကလည်း (သူတို့သေနတ်တွေမှာ ကျည်ဆန်ရှိရင်) ခုခံတဲ့အနေနဲ့ ပစ်ကြတော့မှာ အသေအချာပါပဲ။

သော့ဖျက်နေချိန်မှာ ကံကောင်းထောက်မတယ်လို့ ဆိုရမလားပဲ၊ ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်း ရောက်လာပြီး ကျောင်းသားတွေကို ဖျောင်းဖျလို့ အရှိန်တန့်သွားတယ်။ ဒါပေမယ့် ကျောင်းသားတွေက စစ်သားတွေကို ပြန်ချရမှ ကျေနပ်မယ်ဆိုတဲ့ အနေအထားဖြစ်နေတာမို့ ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်းက နည်းမျိုးစုံ ချော့မော့ပြောဆိုပေမယ့်လည်း နားမ၀င်ကြဘူးဖြစ်နေတယ်။ “သားတို့ရယ်၊ ဆရာတို့ကို သနားကြပါကွာ” လို့ ပါမောက္ခချုပ်ရဲ့ ပြောဆိုသံကိုလည်း ကြားနေရတယ်။ ကျောင်းသားတွေက “ဆရာကြီးတို့ ဘေးဖယ်နေ၊ ဒီကောင်တွေ ကျနော်တို့ကျောင်းသားတွေကို စော်ကားတာ။ ကျနော်တို့ ချမယ်” လို့ ပြန်ပြောနေတယ်။ ဓမ္မာရုံထဲကို ခဲနဲ့ပစ်သူတွေကလည်း ဆက်ပစ်နေကြတယ်။

အဲဒီလို ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်းတို့ ငိုသံပါနဲ့ တောင်းပန်နေချိန်မှာပဲ မီးထိုးပြီး အပြင်းမောင်းချလာတဲ့ စစ်ကားတန်းကြီး လူအုပ်အနီးကို ထိုးရပ်ပါတော့တယ်။ ကားပေါ်ကနေ စစ်ဒေသမှူးဆိုသူ ဆင်းလာပြီး ပါမောက္ခချုပ်နဲ့ ကျောင်းသားတွေ စကားပြောနေတဲ့ဆီ ခပ်သွက်သွက်လျှောက်သွားတယ်။ ပြီးတော့ အခြေအနေကို အကျဉ်းရုံး မေးနေပုံပေါ်တယ်။ ကျောင်းသားတွေက “ဒီကောင်တွေကို ထုတ်ပေး၊ ကျနော်တို့ ကျောင်းသားတွေကို ချတဲ့ကောင်တွေကို ပြန်ချရမှ ကျေနပ်မယ်” လို့ အော်ဟစ်ပြောဆိုနေတယ်။

နောက်ဆုံးမှာ စစ်ဒေသမှူးနဲ့ ကျောင်းသားတွေ ညှိနှိုင်းပြောဆိုရင်း ဈေးတည့်သွားပုံပေါ်တယ်။ စစ်ဒေသမှူးက “အိုကေ မင်းတို့ကို ထုနှက်သွားတဲ့ စစ်သား ဘယ်သူဘယ်ဝါဆိုတာကို ပြ၊ ပြီးရင် တယောက်ချင်း စိတ်ကြိုက်ထိုး၊ စိတ်ကြိုက်ကန်” လို့ ပြောသံကြားရတယ်။ ပြီးတာနဲ့ စစ်ဒေသမှူးက သံပန်းတံခါးနားကပ်သွားပြီး အထဲက စစ်သားတွေကို တံခါးဖွင့်ဖို့ အမိန့်ပေးတယ်။ အဲဒီအထိလည်း ကျနော့်စိတ်ထဲ ပူပန်နေတုန်းပဲ။ ကျောင်းသားတွေ စိတ်မထိန်းနိုင်ဘဲ အုပ်လိုက်ပြေးဝင်သွားပြီး ထိန်းမနိုင်သိမ်းမရ ရုန်းရင်ဆန်ခတ်ဖြစ်ကုန်မှာကို စိုးရိမ်နေမိတာပါ။ ကိုယ်က ဘယ်လောက်ပဲ လူအုပ်တောင့်တောင့် သေနတ်ရှိသူနဲ့ ထိပ်တိုက်တွေ့ရင်တော့ သေနတ်လက်မဲ့ဘက်ကပဲ အကျအဆုံးများဖို့ ရှိတာကိုး။ ကျနော်ကတော့ ကျနော့်ညီငယ်တယောက်နဲ့ စစ်သားတယောက်ချင်းရော၊ စစ်သား (၁၀) ယောက် ဆိုရင်ကော မလဲနိုင်ပါ။ စစ်သားနဲ့ ဆေးကျောင်းသား မတူမတန်ဘူးဆိုတဲ့ အထင်အမြင်သေးတဲ့ စိတ်မျိုးကြောင့်လည်းမဟုတ် (ကျနော့်မှာ အဲဒီစိတ်မျိုးလည်းမရှိ)။ ကျနော့်ညီငယ်တွေရဲ့ အသက်တွေ အလဟဿ ဆုံးရှုံးကုန်မှာကို နှမြောခြင်းသာဖြစ်ပါတယ်။ သူတို့ ဒီအသက်အရွယ် ဒီအခြေအနေအထိ ရောက်အောင် ဘယ်လောက်အထိ ရင်းနှီးစိုက်ထုတ်ခဲ့ရသလဲဆိုတာကို ကျနော်ကိုယ်ချင်းစာမိလို့ပါပဲ။

တော်သေးတယ်။ တံခါးပွင့်တော့ ထုရိုက်ခံထားရတဲ့ ကျောင်းသားနှစ်ယောက်ကို ခေါ်သွားပြီး ဘယ်စစ်သားလဲဆိုတာကို ပြခိုင်းတယ်။ ကျန်တဲ့ ကျောင်းသားတွေက အ၀မှာ နေခဲ့တယ်။ ဆွဲထုတ်လာတဲ့ စစ်သားတွေကို (သုံးယောက်လား လေးယောက်လား မမှတ်မိတော့)  ကားမီးထိုးထားတာနဲ့ တည့်တည့် ဓမ္မာရုံအတွင်းထဲမှာ လက်နောက်ပစ်ခိုင်းပြီး တန်းစီရပ်ခိုင်းထားတယ်။ ခေါင်းငုံ့ခိုင်းထားတယ်။ ပြီးမှ စစ်ဒေသမှူးက ကျောင်းသားတွေဘက်လှည့်ပြီး “ကဲ ကြိုက်တဲ့သူ တယောက်ချင်းထိုး။ ကျေနပ်တဲ့အထိ ထိုးပါ။ ထိုးတဲ့သူ ဘယ်သူ့ကိုမှ အပြစ်ယူမှာ မဟုတ်ပါဘူး” လို့ ပြောတော့ ကျောင်းသားတွေ သူ ထိုးမယ်၊ ငါ ထိုးမယ် ဖြစ်နေကြပြန်ရော။ နောက်ဆုံးမှာတော့ ဗလခပ်တောင့်တောင့် ကျောင်းသားတွေချည်းပဲ တယောက်ချင်း စိတ်ကြိုက် ပြေးကန်၊ ပြေးထိုးကြပါတော့တယ်။ စစ်သားတွေလည်း သူတို့စစ်ဒေသမှူးရဲ့ အမိန့်အတိုင်း ဘာမှပြန်မခုခံရဲဘဲ မေ့မျောကုန်တဲ့အထိ ထိုးကြိတ်ကန်ကျောက်ခံလိုက်ရတယ်။

ကျောင်းသားတွေ ထိုးကြိတ်ကန်ကျောက်လို့ အားရကျေနပ်တော့မှ စစ်ဒေသမှူးက အားလုံးအဆောင်ပြန်ကြဖို့ မေတ္တာရပ်ခံတော့ ကျောင်းသားတွေလည်း “ကျေနပ်တယ် ကျေနပ်တယ်” လို့ အော်ဟစ်လူစုခွဲပြီး အဆောင်ပြန်ကြပါတော့တယ်။ ထိုးကြိတ်ကန်ကျောက်ခံရတဲ့ စစ်သားတွေကိုတော့ စစ်ကားတွေပေါ် ၀က်တင်သလို တပါတည်း တင်သွားပုံရပါတယ် (ဓမ္မာရုံလည်း နောက်နေ့မနက်ကစပြီး လုံးဝရှင်းလင်းသွားလို့ ရပ်ကွက်လူထု ပျော်မြူးနေကြပါတယ်)။

လူစုကွဲပြီး အပြန်မှာ ရင်းနှီးတဲ့ ညီငယ်တချို့ကို မေးကြည့်တော့မှ ပြဿနာရဲ့ ဇာစ်မြစ်ကို ဂဃနဏ သိရတော့တယ်။ ရပ်ကွက်လုံခြုံရေး ကင်းလှည့်တဲ့ စစ်သားတွေနဲ့ အမျိုးသားဆောင်က ကျောင်းသားနှစ်ယောက် လမ်းပေါ်မှာ ထိပ်တိုက်တိုးပြီး စစ်သားတွေ စစ်ဆေးမေးမြန်းရာကနေ စကားများကြတယ်၊ အဲဒီနောက် စစ်သားတွေက ကျောင်းသားတွေရဲ့ ခေါင်းကို သေနတ်ဒင်နဲ့ထု၊ လူကို ကန်ကျောက်တာမှာ ခေါင်းတွေ ပေါက်ပြဲကုန်ပြီး သွေးသံရဲရဲနဲ့ အဆောင်ကို ပြန်လာတယ်လို့ဆိုတယ်။ အဲဒီမှာ အဆောင်နေ ကျောင်းသားတွေ သွေးဆူကုန်ပြီး ဓမ္မာရုံကို ချီတက်လာကြတာပါတဲ့။

ပြဿနာမီးတောက်ကတော့ အဲဒီညမှာပဲ အပြီးငြိမ်းသွားတယ်လို့ ပြောရပါမယ်။ ကျောင်းသားအများစုရဲ့ စိတ်ထဲမှာလည်း စစ်ဒေသမှူးရဲ့ ဖြေရှင်းပုံကို ကျေနပ်သွားကြပုံပေါ်တယ်။ ဒါပေမယ့် ကျနော့်ခေါင်းထဲမှာတော့ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ၊ ဖြေရှင်းပုံ တရားနည်းလမ်းကျသလား မကျဘူးလားဆိုတာကို တကန့်ချင်း ပြန်တွေးနေမိတယ်။

ပထမဆုံး ကျောင်းသားတွေနဲ့ ပြဿနာဖြစ်တဲ့ စစ်သားတွေဘက်ကို တွေးကြည့်မိတယ်။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သေချာတာကတော့ စစ်သားတွေအနေနဲ့ ဆေးကျောင်းသားတွေကို သေနတ်ဒင်နဲ့ထု၊ ကန်ကျောက်တာ မှားတယ်လို့ ယူဆတယ်။ ကာဖျူးထုတ်ထားတဲ့အချိန်လည်း မဟုတ်တဲ့အတွက် ဒါဟာ ရာဇ၀တ်မှုဖြစ်တယ်။ ဒါပေမယ့် ခက်တာက သူတို့မှာ ဆေးကျောင်းသားဆိုတာ ဘာလဲဆိုတဲ့ အသိဉာဏ်မျိုးလည်း ရှိချင်မှရှိမယ်။ သေနတ်ကိုင်ရလို့ အချောက်တိုက် ချိုကြွအနိုင်ကျင့်ချင်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်ပြီး မြို့ပေါ်နဲ့ ရှေ့တန်းစစ်မြေပြင်ဆိုပြီး ခွဲခြားကြည့်မြင်တတ်တဲ့ အတွေးအခေါ်မျိုးလည်း သူတို့မှာ ရှိချင်မှရှိမယ်။ အဲသလို မတွေးတတ် မမြင်တတ်ဘဲ ပြည်သူမှန်သမျှ၊ သူတို့ကို ကလန်ကဆန်လုပ်တဲ့သူမှန်သမျှ ရန်သူလို့ ရှုမြင်တဲ့ အတွေးအခေါ်မျိုး ခေါင်းထဲစွဲနေအောင် သူတို့ကို မသေရုံတမယ် ထမင်းကျွေးထားတဲ့ နအဖစစ်အုပ်စုက ရိုက်သွင်းထားတာကိုး။ အဲဒီတော့ ကျနော့်အနေနဲ့ မြင်တာက ဆေးကျောင်းသားတွေကို သေနတ်ဒင်နဲ့ ထုတာ စစ်သားတွေဆိုပေမယ့် အဓိက တရားခံကတော့ စစ်သားတွေကို မှန်ကန်မျှတတဲ့ အမြင်မျိုး မရှုမြင်တတ်အောင် စနစ်တကျ သွေးခွဲလေ့ကျင့်ပေးထားတဲ့၊ နောက်ကွယ်ကနေ ကြိုးဆွဲနေတဲ့ နအဖစစ်အုပ်စုပဲဖြစ်တယ်လို့ မြင်တယ်။

ဆေးကျောင်းသားတွေဘက်ကလည်း ခံရသူတွေဆိုတော့ ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးချင်တယ်။ ဒါပေမယ့် တရားဥပေဒလမ်းကြောင်းအရ မဟုတ်ဘဲ သွေးဆူပြီး ဒေါသမီးဟုန်းဟုန်းတောက်နေချိန်မှာ ကိုယ်ထိလက်ရောက် ပြန်ဖြေရှင်းချင်တာကို ကျနော့်အနေနဲ့ မမှန်ဘူးလို့ ဆိုချင်ပေမယ့် တရားဥပဒေမရှိတဲ့သူတွေ အုပ်ချုပ်တဲ့ခေတ်မှာမို့ မမှားဘူးလို့လည်း ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ န၀တ/နအဖခေတ်တလျှောက်လုံးမှာ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ ပြဿနာဆိုတာက မရှိသလောက်ရှားတယ်မဟုတ်လား။ အဲဒီတော့ ကိုယ့်ကို ပြစ်မှုကျူးလွန်သူကို ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပြန်ပေးချင်သလို၊ ပြန်ပေးခွင့်ရလိုက်လို့ ကျေနပ်သွားကြတာကိုလည်း နည်းလမ်းမမှန်ပေမယ့် အလွန်မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

ပြဿနာကို တခါတည်း မီးငြိမ်အောင် လုပ်သွားတဲ့ စစ်ဒေသမှူးနေရာကို တွေးကြည့်ပြန်တော့လည်း သူ ဖြေရှင်းတဲ့ပုံဟာ တရားနည်းလမ်းမကျဘူးလို့ မြင်တယ်။ တကယ်ဆို ပြစ်မှုကျူးလွန်တဲ့ သူ့စစ်သားတွေကို ရုံးတင်စစ်ဆေးပြီး အပြစ်ပေးရမယ်မဟုတ်လား။ ဒါပေမယ့် အဲဒီလိုနည်းနဲ့ ဖြေရှင်းဖို့အတွက်ကလည်း ကျောင်းသားတွေကို ဘယ်ရုံးဘယ်ကနားကို လာပါ၊ သေချာစစ်ဆေး အပြစ်ယူပေးပါမယ်လို့ အာမခံနိုင်တဲ့ အခွင့်အာဏာ သူ့မှာမရှိသလို အထက်အာဏာပိုင်တွေကလည်း ဘာပြဿနာဖြစ်ဖြစ် အမြန်ဆုံး မီးငြိမ်းအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြတ်ရှင်းဖို့ စစ်မိန့်ပေးထားပုံပေါ်တယ်။ နောက်ပြီး ကျောင်းသားတွေ သွေးဆူနေပုံကလည်း သွေးမြေကျမှ လူစုခွဲလို့ရမယ့်ပုံဖြစ်နေတော့ ပြဿနာမရှည်ချင်တဲ့အဆုံး တခါတည်း မီးငြိမ်းမယ့် နည်းလမ်းကို ရွေးချယ်လုပ်သွားတာလို့ပဲ မြင်မိတယ်။

အဲဒီတော့ နီလာဓမ္မာရုံအရေးအခင်းကို ချုပ်ကြည့်ရင် သေနတ်ဒင်နဲ့ အထုခံ၊ ကန်ကျောက်ခံရတဲ့ ဆေးကျောင်းသားတွေဘက်ကလည်း အနာခံရသလို ကျောင်းသားတွေ စိတ်ကြိုက်ပြန်ထိုးတာကို ခံလိုက်ရတဲ့ စစ်သားတွေလည်း သေလုမျောပါးပါပဲ။ ဒါပေမယ့် ဒီကိစ္စမှာ အထက်စစ်အာဏာပိုင်တွေအကြိုက် ပြဿနာကို တခါတည်း မီးငြှိမ်းသတ်နိုင်တဲ့ စစ်ဒေသမှူးကတော့ အမြတ်ထွက်သွားပြီး ရာထူးတောင် တက်သွားမယ်လို့ ထင်မိတယ်။ ကျနော့်အမြင်တော့ စစ်ဒေသမှူးရဲ့ ဖြေရှင်းပုံက သွေးခွဲခံထားရတဲ့ ပြည်သူ (စစ်သားတွေ) နဲ့ စစ်အုပ်စုကို မုန်းတီးနာကြည်းနေတဲ့ ပြည်သူ (ဆေးကျောင်းသားတွေ) ကို ပမာပြောရရင် အိမ်ကြက်ချင်း ခွပ်ခိုင်းပြီး မီးငြှိမ်းလိုက်သလိုမျိုးလို့ မြင်ပါတယ်။

ဒီပွဲမှာတော့ သူအမိန့်ပေးလို့ရတဲ့ ကြက် (စစ်သားတွေ) ကို တဖက်သတ် အနာခံခိုင်းပြီး သူအမိန့်ပေးလို့မရတဲ့ ကြက် (ဆေးကျောင်းသားတွေ) ကျေနပ်အောင် ပွဲသိမ်းပေးလိုက်တဲ့ သဘောပေါ့။ တနည်းအားဖြင့် စစ်တပ်နဲ့ ပြည်သူကို သွေးခွဲအုပ်ချုပ်တာခံနေရတဲ့ကာလအတွင်း ပြည်သူချင်း (စစ်သားနဲ့ ဆေးကျောင်းသား) ဖြစ်ကြတဲ့ပွဲမှာ စစ်ဒေသမှူးက စစ်အုပ်စုအလိုကျ တာဝန်ကျေ နယ်ရုပ်တရုပ်အဖြစ် ပီပီပြင်ပြင် ကပြအသုံးတော်ခံသွားတာပါပဲ။ ဆေးကျောင်းသားတွေရော၊ စစ်သားတွေပါ ခံလိုက်ရတဲ့ ပြဿနာရဲ့ အဓိက တရားခံစစ်စစ်ကတော့ ပြည်သူကို စနစ်တကျ သွေးခွဲအုပ်ချုပ် (အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်း) ရင်း စစ်ဒေသမှူးလို နယ်ရုပ်ကို နောက်ကွယ်ကနေ ကြိုးဆွဲစေခိုင်းနေတဲ့ ကလိန်ကကျစ် စစ်အုပ်စုသာလျှင်ဖြစ်ကြောင်း ပဲခူးဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ပြန်ပြောင်းသတိရမိတဲ့ အရေးအခင်းလေးတခုကို တင်ပြလိုက်ရပါတယ်။    ။

နောက်ဆက်တွဲ ။     ။ အဲဒီညက ထိုးကြိတ်ကန်ကျောက်ခံလိုက်ရတဲ့ စစ်သားတွေ သေသလား၊ ရှင်သလား မသိရတော့ပေမယ့် စစ်သားတွေ သေနတ်ဒင်နဲ့ထု၊ ကန်ကျောက်တာ ခံလိုက်ရတဲ့ ကျောင်းသားတော့ ခေါင်းပေါက်ပြဲတာ ချုပ်ဖို့ မြောက်ဥက္ကလာဆေးရုံ ခွဲစိတ်ဆောင်ကို သွားတယ်ကြားလို့ ကျနော်တို့နှစ်ယောက် လူစုကွဲတာနဲ့ ဆေးရုံပေါ် လိုက်သွားပါတယ်။ ညီငယ်ကို တွန်းလှည်းပေါ်မှာပဲ ချုပ်ပေးနေတယ်။ တွန်းလှည်းဘေးမှာ လူတွေ ၀ိုင်းအုံနေတယ်။ ကျနော်တို့နှစ်ယောက်က ခေါင်းပေါက်တဲ့ ညီငယ်ကို အမှုဖွင့်ဖို့ပြောတော့ တာဝန်ကျ ခွဲစိတ်ဆရာဝန် (ကျနော်တို့နဲ့လည်း ရင်းနှီးသူ)  မျက်စိမျက်နှာပျက်သွားတာကို တွေ့ရပါတယ်။ သူက အာဏာရှင်စနစ်ရဲ့ သားကောင်းပီပီ ပြဿနာရှည်မှာစိုးလို့ အမှုမဖွင့်ဘဲ ချုပ်ပြီး ဒီအတိုင်းပဲ နေလိုက်စေချင်ပုံပေါ်တယ်။ ကျနော်တို့နှစ်ယောက်ကတော့ ခေါင်းပေါက်တဲ့ ညီငယ်ကို တရားနည်းလမ်းအတိုင်း အမှုဖွင့်ဖို့ တိုက်တွန်းအားပေးပြီး ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညီငယ် အမှုဖွင့်မဖွင့်တော့ မသိ၊ နောက်တနေ့မှာ ဆေးပညာဌာနက ပါမောက္ခ ဆရာမကြီး ဒေါက်တာဒေါ်စန်းမြက ကျနော့်ကို ခေါ်သတိပေးလို့ အဲဒီညက ခေါင်းချုပ်တာကို ၀ိုင်းအုံကြည့်နေတဲ့အထဲမှာ အရပ်ဝတ်ထောက်လှမ်းရေးတွေပါမှန်း သိလိုက်ရတယ်။   ။

မှတ်ချက် ။     ။ ဤဆောင်းပါးသည် (၁၄) နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် အဖြစ်အပျက်ကို စိတ်မှတ်ဉာဏ်တွင် ထင်ကျန်သလောက် ပုံဖော်ရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးရေးသားရခြင်းအကြောင်းတွင် အဖြစ်အပျက်နှင့် ပတ်သက်သည့် ကျနော်၏ အတွေးစများကို မျှဝေလိုခြင်းသာ အဓိကဖြစ်သည့်အတွက် ကျနော်ကဲ့သို့ ကိုယ်တိုင်တွေ့ကြုံခဲ့သူများက အကြောင်းအရာ အချက်လက်တချို့ မပြည့်စုံ၊ လွဲမှားနေသည်ဟု ထောက်ပြပြီး ဖြည့်စွက်ပြင်ဆင်ပေးလာမည်ဆိုလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ကျေးဇူးတင်ပါသည်။     ။
X















Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments