United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

Anonymous | Saturday, September 18, 2010 | 0 comments


18 Sept. 2010...ဧရာဝတီ...အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့် အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု ဆိုသည်။

“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏ မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။

တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။

“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ  လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့ သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။

စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးသည် စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။

ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။

အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။

တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။

Category: , ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments