United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်

Anonymous | Thursday, September 16, 2010 | 0 comments

16 Sept. 2010...ဧရာဝတီ...ပဲခူးမြို့တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်လိုက်မှုကြောင့် ဝေဖန်မှု များစွာထွက်ပေါ်လာသော်လည်း ထိုကဲ့သို့ အနိုင် ကျင့် သတ်ဖြတ်မှုများသည် အစွန်အဖျား တိုင်းရင်းသား နယ်မြေများ၌ အမြဲလိုပင် ဖြစ်ပျက်နေသော ရာဇဝတ်မှုများဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်နေ့၌ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် ပဲခူးမြို့ခံ လူငယ်များ အချင်းများရာမှ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကုလသမဂ္ဂ အထွေ ထွေ ညီလာခံသို့ တင်သွင်းမည့် အစီရင်စာတွင် ပဲခူး လူသတ်မှုအကြောင်း ထည့်သွင်းဖော်ပြသွားမည်ဟု ပြောကြားသည်။

ပဲခူး လူငယ်နှစ်ဦး အသတ်ခံရမှုသည် အပြစ်ပေး ကွပ်မျက်သည့် ပုံစံ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ မောင်အောင်သူဟိန်းတွင် သေနတ်ဒဏ်ရာ ၆ ချက်နှင့် မောင်စိုးပိုင်ဇော်တွင် သေနတ်ဒဏ်ရာ ၄ ချက် ထိထားပြီး ခန္ဓာကိုယ်မှာ ဆန်ခါပေါက်ဖြစ်နေကြောင်း ဒေသခံဆရာဝန်တဦးက ပြောသည်။

ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) မှ နန်းဆိုင်နောင့်က ပဲခူးကဲ့သို့သော မြို့ကြီး တခု၏ လမ်းပေါ်တွင် ပစ်သတ်ခံရမှု ဖြစ်သေးလျှင် တိုင်းရင်းသားဒေသများကဲ့သို့ ဝေးလံသည့်နေရာများတွင် နအဖ စစ်တပ်က ဤကဲ့သို့သော ပြစ်မှုပေါင်း မည်မျှ ကျူးလွန်ခဲ့သည်ကို မသိနိုင်ကြောင်း ပြောသည်။

“စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူ့အတွက် မလုံခြုံပါဘူး။ အထူးသဖြင့် ဝေလံခေါင်သီတဲ့နေရာတွေမှာ နေတဲ့ သူတွေ ဆို ပိုမလုံခြုံပါဘူး။ သူတို့ဘဝက အန္တရာယ်များတယ်။ အမျိုးသမီးတွေက ပိုပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရ တယ်ဆိုတာ တကယ့်အမှန်တရားပါပဲ”ဟု နန်းဆိုင်နောင့်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် အစီရင်ခံစာတွင် မြောက်ပိုင်း ကရင်ဒေသနှင့် ရှမ်းပြည် တောင်ပိုင်း ဒေသများသည် မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံး ဒေသများဖြစ်ကြောင်း၊ သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ခြိမ်းခြောက်မှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုနှင့် မြေယာသိမ်းယူမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များကို ကူညီနေသည့် TBBC ၏ အစီရင်ခံစာတွင် ၂၀၀၈ သြဂုတ်လနှင့် ၂၀၀၉ ဇွန်လအတွင်း ရွာပေါင်း ၁၂၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်မှစ၍ မြန်မာပြည် အရှေ့ဘက်ပိုင်းတွင် အဓမ္မရွှေ့ပြောင်းမှုများနှင့် ဖျက်ဆီးမှုများကြောင့် ရွာပေါင်း ၃၅၀၀ ကျော် ပျက်စီးပြီး ဒေသခံရွာသားများ ထွက်ပြေးပုန်းရှောင် ခဲ့ရကြောင်း ဖော်ပြထားသည်။

TBBC ၏ အစီရင်ခံစာအရ မြန်မာပြည်အရှေ့ပိုင်း ကျေးလက်ဒေသများတွင် ရွှေ့ပြောင်းခြင်းခံရသူ ၄ သိန်းခွဲနှင့် IDP ငါးသိန်းကျော်ရှိကြောင်း သိရသည်။

သတင်းအချက်အလက်ရရှိရန် ခက်ခဲခြင်းနှင့် မီဒီယာများ လက်လှမ်းမမီခြင်းကြောင့် နအဖစစ်တပ်က ကျူးလွန်သော လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို မသိရှိရကြောင်း နန်းဆိုင်နောင့်က ပြောသည်။

ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သူတွေရဲ့ အခြေ အနေက မျှော်လင့်ချက် မရှိပါဘူး။ အကူအညီ သွားတောင်းစရာလည်း မရှိဘူး” ဟု ဆိုသည်။

စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းမီဒီယာများသည် ဗုံးကွဲမှုကဲ့သို့သော အကြမ်းဖက်မှုများကို ဖော်ပြပြီး အတိုက်အခံများ ကို စွပ်စွဲလေ့ရှိသော်လည်း နအဖ စစ်တပ် ကိုယ်တိုင်၏ ရာဇဝတ်မှုများကိုမှု တလုံးတပါဒမျှ ဖော်ပြလေ့မရှိဟု လေ့လာ အကဲခတ်သူများက ထောက်ပြသည်။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် The New Light of Myanmar သတင်းစာတွင် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ဖော်ပြထားသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ယောမင်းကြီးလမ်း (ယောက်လမ်း) တို့ကို ဆက်သွယ်ထားသည့် မီးရထားခုံးကျော် လူကူးသစ်သားတံတားတွင် တွေ့ရှိရသော ချိန်ကိုက်မိုင်းနှင့် မွန်ပြည်နယ် သထုံမြို့၊ ဒုံဝန်းကျေးရွာ အုပ်စုရှိ လျှပ်စစ် ဓာတ်အား လိုင်းတာဝါတိုင်တွင် တွေ့ရှိရသော မိုင်းများသည် ရွေးကောက်ပွဲ မအောင်မြင်စေရန် သွေးထိုးလှုံ့ဆော်ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ယင်းသို့ သွေးထိုးလှုံ့ဆော်ခြင်းသည် မကြာသေးမီက ပဲခူးမြို့တွင် စစ်တပ်က ပစ်သတ်မှုကြောင့် အရပ်သား လူငယ် ၂ ဦး သေဆုံးမှု ဖြစ်စဉ်တို့နှင့် အချိန်ကိုက် ချိတ်ဆက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ရှေ့နေကြီး ဦးအေးမြင့်ကမူ ထိုသို့ ဆက်စပ် စွပ်စွဲခြင်းသည် အခြေအမြစ်မရှိကြောင်း၊ မြန်မာပြည်မှ တက်ကြွလှုပ်ရှားသူများက ပဲခူး လူသတ်မှုကဲ့သို့သော ကိစ္စများကို ကမ္ဘာကသိရန် လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်အစိုးရအပေါ် ထိုအပြုအမှုများ ရပ်တန့်သွားရန် ဖိအားပေးသင့်ကြောင်း ပြောသည်။

ကုလသမဂ္ဂသို့ အကြံပြုထားသည့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေးသည် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်လက်ပြောသည်။

စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ် သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

CoI ဖွဲ့စည်းရေးကို သြစတြေးလျ၊ ချက်နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်တို့ထံမှ ထောက်ခံမှု ရရှိပြီး ဖြစ်သည်။

မြန်မာပြည်အရှေ့ပိုင်းရှိ အဓမ္မ ရွှေ့ပြောင်းခံရမှုများ၊ IDP ဖြစ်ရန် တွန်းပို့ခံရခြင်းများသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ “လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” စံသတ်မှတ်ချက်နှင့် အကျုံးဝင် ကြောင်း လေ့လာစောင့်ကြည့်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

တက်ကြွလှုပ်ရှားသူများက မြန်မာပြည်တွင် နအဖ စစ်တပ်က ကျူးလွန်နေသည့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု ၊ နှိပ်စက် ညှဉ်းပန်းမှု၊ အဓမ္မ ရွှေ့ပြောင်းမှုများကို ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် လူ ၃ သိန်း အသတ်ခံရပြီး ၂.၅ သန်း နေရပ်ဒေသကို စွန့်ခွာ ထွက်ပြေးနေရမှုနှင့် နှိုင်းယှဉ် ပြောဆိုကြသည်။

ပြည်ပရောက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဧရာဝတီနှင့် မေးမြန်းခန်း တခုတွင် “မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်လို့ သေချာပေါက် ပြောလို့ရပါတယ်” ဟု ပြောထားသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် စောဖိုးရှမ်းက “IDP ဧရိယာတွေမှာ စစ်အစိုးရတပ်တွေက ရွာသား တွေကို မြင်မြင်ကရာ ပစ်တာပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို သစ္စာခံတယ်လို့ သံသယ ရှိရင် မသတ်ခင် နှိပ်စက် ခံရသေးတယ်”ဟု ပြောသည်။

ထိုကဲ့သို့သော နအဖ စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများသည် ကရင်ပြည်နယ်တွင် မကြာခဏ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Category: , ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments