23.Aug.2010...ဧရာဝတီ...
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ခေါင်းဆောင်တချို့သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးအတွက် နိုင်ငံရေးပါတီ ထူထောင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
အမည် မသိရသေးသည့် အဆိုပါ ပါတီကို DKBA ၏ နိုင်ငံရေး တောင်ပံ အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (DKBO) မှ ဥက္ကဋ္ဌ ဦးသာထူးကျော်၊ ကရင်တိုင်းရင်းသား ပညာတတ်များဖြစ်သော ဦးစောအောင်ငွေနှင့် ဦးစောသန်းမြတ်တို့က ဦးဆောင်၍ ပါဝင်ယှဉ်ပြိုင်မည်ဟု ကရင် အသိုင်းအဝန်းက ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့ အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနခွဲမှ ခေါင်းဆောင် ဒေါ်နန်းခင်ထွေးမြင့်ကလည်း ဦးသာထူးကျော် ခေါင်းဆောင်မည့် ပါတီသည် ကရင်ပြည်နယ် မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြားရကြောင်း ဧရာဝတီသို့ ပြောသည်။
DKBA နှင့် နီးစပ်သူတဦးကလည်း “ဦးသာထူးကျော်တို့က ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်လို့ ကြားတယ်”ဟု ပြောသည်။
ဦးသာထူးကျော်နှင့် အဖွဲ့သည် အသက်အရွယ် အိုမင်းပြီး လက်နက်ကိုင် တော်လှန်ခြင်း ပြုလုပ်နိုင်မည် မဟုတ်သောကြောင့် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးကာ ရွေးကောက်ပွဲကို ၀င်စေခြင်း ဖြစ်ပုံရကြောင်း၊ DKBA အများစု နေထိုင်သော ကရင်ပြည်နယ် မြဝတီ၊ မြိုင်ကြီးငူ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့မြို့နယ် စသည့် နေရာများတွင် အနိုင်ရရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။
မဲဆန္ဒနယ် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း တင်သွင်းရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (UKL) နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းတို့အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့သည်။
အဓိက အတိုက်အခံ ပါတီဖြစ်သည့် NLD သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ DKBA ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို စစ်အစိုးရ ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြ၀တီမြို့နယ် မဲပလဲ့ဒေသတို့၌ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
“တိုင်းရင်းသား အဖွဲ့အစည်းများအား ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားဝင် လက်နက် ကိုင်ဆောင်ခွင့် ရရှိသည့် နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသည်” ဟု သတင်းစာတွင် ရေးသားထားသည်။
သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းခဲ့သော DKBA တပ်ဖွဲ့များမှ ခေါင်းဆောင်များ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို စစ်အစိုးရက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

23.Aug.2010...VOA
နိုဝင်ဘာလ ပထမပတ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း နာမည်စာရင်းပေးဖို့ အခက်တွေ့နေကြပါတယ်။ အကြောင်းက ရပ်ကွက်နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က လုပ်ငန်းတွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ ပြင်ဆင်ချိန်ရတဲ့ အချိန်တိုအတွင်းမှာ ဘောင်ဝင်အောင် လုပ်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းသွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချိန်သတ်မှတ်ချက်ဟာ သိပ်ပြီး တိုတောင်းတဲ့အတွက် ထပ်တိုးပေးဖို့ နိုင်ငံရေးပါတီ တချို့က တောင်းဆိုခဲ့ကြပေမဲ့လည်း ဘာမှ အကြောင်းပြန်မလာတာကြောင့် အရင်သတ်မှတ်တဲ့အတိုင်း အခု သြဂုတ်လ ၃၀ ရက်ကိုပဲ အမီတင်နိုင်ကြဖို့ နိုင်ငံရေးပါတီတွေ နေ့မအား ညမအား တက်သုတ်ရိုက် လုပ်နေကြရပါတယ်။ အခုဆိုရင် နောက်ဆုံးရက်ရောက်ဖို့ အချိန်တပတ်ပဲ ကျန်ပါတော့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်မှုတွေ ကြမ်းတယ်လို့ ဆိုနေကြပေမဲ့ တကယ်တမ်း အလုပ် လုပ်တဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က အဆင်သင့် မဖြစ်သေးဘူးလို့ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်တွေ ကိုယ်တိုင်က အဆင်သင့် မဖြစ်ဘူး။ အဆင်သင့် မဖြစ်ဘူး ဆိုတာက ဘာလဲဆိုရင် နံပါတ်တစ်က မဲစာရင်းနံပါတ်ဆိုတာ လိုက်ယူရတယ်၊ မဲထည့်ပိုင်ခွင့် စာရင်းလေ၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ အဲဒီနံပါတ်ကို ယူရတာ။ အခု ရပ်ကွက်မှာ အဲဒီနံပါတ် မရှိသေးဘူး။ နံပါတ်က သူတို့ စဉ်တုန်းရှိသေးတယ်။ အခုဟာဆိုရင် ၂၃ ရက် ရှိနေပြီ။ ဆိုတော့ ပထမအဆင့် နံပါတ်ကို ကျနော်တို့က မရသေးဘူး။”
အဲဒါဆိုရင် ဆရာတို့ တပတ်ပဲ ကျန်တော့တယ်၊ အချိန်မီနိုင်ပါ့မလား။
“ဟုတ်တယ်၊ အဲတော့ အခု ဘာလုပ်နေရလဲဆိုတော့ သူတို့က နံပါတ်မရသေးပေမဲ့ ထောက်ခံစာဆိုပြီး အခု လုပ်ပေးနေရတယ်။ ကမန်းကတန်းပေါ့။ နံပါတ်တော့ ထွက်မှာပါ၊ မရသေးလို့ပါ၊ ထောက်ခံပါတယ် ဆိုပြီးတော့။ တဆင့်ပိုသွားတာပေါ့။ ရုံးလုပ်ငန်းက အများကြီး ကြာသွားတာပေါ့။”
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ဘောင်ဝင်အောင် လုပ်နိုင်ဖို့ ရုံးလုပ်ငန်း အဆင့်ဆင့် ကျော်ဖြတ်နိုင်ဖို့ ကိစ္စတွေက ရှုပ်ထွေး ကြန့်ကြာနေပြီး အဲဒီရုံးလုပ်ငန်းတွေ ကြားမှာပဲ မရေရာတဲ့ အခြေအနေတွေကလည်း ရှိနေတော့ ပါတီတွေက မှန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်အတိုင်း ဖြစ်နိုင်ဖို့ မလွယ်တော့ဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ညည်းညူပါတယ်။
“ကျနော်တို့မှာ ဘာအခက်အခဲ ထပ်ဖြစ်လဲဆိုတော့ ငွေသွားသွင်းတဲ့အခါမှာ ဒီမှာ မသွင်းရဘူး၊ ဟိုမှာ မသွင်းရဘူး ဆိုတာမျိုးတွေ၊ ဒီမှာ လာမသွင်းပါနဲ့ဆိုပြီး ပြန်ပို့တာတွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် စာအုပ်ထဲမှာ၊ ဥပဒေစာအုပ်ထဲမှာ မပါဘဲနဲ့ ကျနော်တို့ သွားတင်တဲ့ အခါကျတော့မှ ကိုယ်ရေးရာဇ၀င်ကို သီးခြားဖောင် (Form) နဲ့ ပေးရမယ်ဆိုပြီး ပြန်လွှတ်တာမျိုးတွေ၊ အဲဒါမျိုး အခက်အခဲတွေ အကျပ်အတည်းတွေ ရှိတယ်ဗျ။
“နောက်ပြီး တချို့ကလည်းပဲ တရားသူကြီးဆီ သွားတဲ့အခါကျ တရားသူကြီးက မအားဘူး၊ ဘယ်နေ့မှ အားမယ်၊ လေးငါးရက်ကြာမှ အားမယ်ဆိုပြီး ရက်ချိန်းတာတွေ ရှိတယ်ဗျ။ ရှိတော့ ကိုယ်စားလှယ်တွေမှာ သွားရတာတွေက ငွေရေးကြေးရေး ရှာရတာ အခက်အခဲ၊ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲတွေက အများကြီးကို ဖြတ်သန်းနေရပါတယ်ဗျ။
“ဥပမာဆိုပါတော့၊ ကျနော်တို့ပါတီက ကိုယ်စားလှယ် ၃၀၀ ရတယ် ဆိုပါတော့၊ ၃၀၀ လုံးတော့ မဖြစ်နိုင်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆို အဲဒီလို အခက်အခဲတွေ ကျော်ဖို့က ကိုယ်စားလှယ်တွေမှာ အချိန်မရှိသလို သူတို့မှာလည်း စွမ်းဆောင်နိုင်ရည်က မရှိနိုင်တော့ဘူး။ ငွေသွင်းရင် ခရိုင်မှာ သွားသွင်းရမယ်၊ တင်တော့ မြို့နယ်ကော်မရှင်မှာ ပြန်တင်ရမယ်၊ ဒါတွေက အချိန်တွေလည်း စားတယ်ဗျ။ အဲဒါတွေ လုပ်နေတဲ့ အခါကျတော့ကာ အလုပ်လုပ်ရတာ အင်မတန့်ကို ခက်ခဲအောင် တမင်ဖန်တည်းသလို ဖြစ်နေပြီ ဆိုတာကို ကျနော် တွေ့နေရတယ်ဗျ။”
ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို တင်ဖို့အကြောင်း အခု သြဂုတ်လ ၁၄ ရက်နေ့ကမှ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာပါ။ အချိန်ပေးတာ နည်းလွန်းတဲ့အတွက် မကြာခင်ကမှ နိုင်ငံရေးပါတီ ဖြစ်လာကြရတဲ့ အဖွဲ့အစည်းတွေအဖို့ ကမန်းကတန်း ဖြစ်ကြရသလို၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကို ကျပ်ငွေ ၅၀၀,၀၀၀ ဆောင်ရမယ်ဆိုတဲ့ ကိစ္စကလည်း ပါတီတွေအတွက် ကြီးမားတဲ့ အခက်အခဲ တခုပါ။ ဒီကြားထဲမှာ ရုံးလုပ်ငန်း ကြန့်ကြာမှုတွေက များလာနေလို့ မျှော်လင့်ထားတာထက် ပိုများတဲ့ အခက်အခဲတွေကို ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေး ပါတီတွေ ကြုံနေကြရပါတယ်

23.Aug.2010...VOA...
အီရန်နိုင်ငံ စစ်ဘက်က မောင်းသူမဲ့ လေယာဉ်အသစ် တစင်းကို ဖော်ထုတ် ပြသလိုက်ပြီး အဲဒီလေယာဉ်ဟာ ဝေးလံတဲ့ အရပ်တွေဆီထိ စစ်ဆင်ရေး လုပ်နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) တက်ရောက်ပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဒီကနေ့ အခမ်းအနားမှာ လေယာဉ်ကို စစ်ဘက်က ပြသခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ရေးသမား ကာရာ (Karrar) လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ မိုင် ၆၂၀ ကျော်ထိ ပျံသန်းနိုင်ပြီး ၁၀၀ ကီလိုဂရမ် ဗုံးနှစ်လုံး ဒါမှမဟုတ် ၂၀၀ ကီလိုဂရမ် ဗုံးတလုံးကို သယ်ဆောင်နိုင်တယ်လို့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက ပြောပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်က ပစ်မှတ်တွေကို လျှင်မြန်တဲ့နှုန်းနဲ့ ပျံသန်း ပစ်ခတ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခု မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ရဲ့ ရန်သူတွေအတွက် ‘သေမင်း သံတမန်’ ဖြစ်တယ်လို့ မစ္စတာ အမာဒနီးဂျက်က ပြောတာကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ကျောင်းသား သတင်းဌာနကတော့ ‘မောင်းသူမဲ့ stealth ဗုံးကျဲလေယာဉ်’ လို့ အမည်ပေး ခေါ်ဆိုပါတယ်။

ချီလီနိုင်ငံမှာ သြဂုတ်လ ၅ ရက်နေ့ကနေ နှစ်ပတ်ကျော်ကြာ သတ္တုတွင်း ပြိုပြီး ပိတ်မိနေသူ ၃၃ ဦး အသက်ရှင်လျက် ရှိနေတာ တွေ့ရတယ်လို့ ချီလီသမ္မတ ဆီဘက်ရှန် ပင်နီရာ (Sebastian Pinera) က ပြောကြားလိုက်ပါတယ်။
သူတို့ဟာ ချီလီနိုင်ငံ စန်တီယာဂိုမြို့တော် မြောက်ဘက် မိုင် ၅၀၀ ကျော် အကွာ ကိုပီယာပို (Copiapo) မြို့နားက စန်ဟိုဆေး ရွှေနဲ့ ကြေးနီ သတ္တုတွင်းထဲမှာ မြေပြိုပြီး ပိတ်မိနေကြတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး လုပ်သားတွေက မြေပြိုတဲ့ နေရာနားမှာ ပေ ၂,၃၀၀ နီးပါးနက်တဲ့ တွင်းတတွင်း ထပ်တူးပြီး ရှာဖွေကြရာမှာ ပိတ်မိနေသူတွေက သူတို့အားလုံး အသက်ရှင်လျက် ရှိနေတယ်လို့ စာရေးသား ပြောကြားခဲ့တယ်လို့ သမ္မတ ပင်နီရာက ပြောကြားခဲ့ပြီး သူတို့ရဲ့ သတင်းပေးပို့ချက်ကို တီဗွီရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကြောင့် သူတို့ရဲ့ မိသားစုတွေ ၀မ်းမြောက် ပျော်ရွှင်နေတာကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ဒီပိတ်မိနေသူတွေကို မြေပေါ်ရောက်အောင် ကယ်တင်နိုင်ဖို့အတွက် ၄ လလောက် ကြာနိုင်ပြီး သူတို့တွေအတွက် ရိက္ခာအခက်အခဲ ရှိနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ဒါကြောင့် သူတို့ဆီကို အစာရေစာ၊ ဆက်သွယ်ရေး ကိရိယာတွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။
အခုလို သတ္တုတွင်း ပြိုကျရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ဒီမိုင်းမှာ မတော်တဆ ဖြစ်မှုတွေ ရှိခဲ့ပြီး မိုင်းပြန်ဖွင့်တာ မကြာသေးဘူးလို့ ဆိုပါတယ်။
ချီလီနိုင်ငံဟာ ကမ္ဘာမှာ ကြေးနီ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

23.Aug.2010...ခေတ်ပြိုင်....
လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေစဉ်အတွင်း နိုင်ငံခြားသားများ ပြည်တွင်း၌ နည်းနေစေရန် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသည့် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို စက်တင်ဘာ (၁) ရက်နေ့က စပြီး ရပ်တော့မယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့ လုံခြုံရေးအရ လုပ်တာပါ။ အထက်က ပိတ်ဖို့ပဲ ညွှန်ကြားထားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု ပြောသည်။
အလားတူ လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အရာရှိတဦးကလည်း အဆိုပါ သတင်းမှန်ကန်ကြောင်း၊ အထက်မှ ဆိုက်ရောက်ဗီဇာနှင့် ပတ်သက်ပြီး Review ပြန်လုပ်ရန် ယာယီပိတ်ထားပေးပါဟု ပြောကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံခြားသား များများစားစား ရှိမနေစေရန် ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ပြီးခဲ့သည့် မေလတွင် စတင်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များပြားခဲ့ကြောင်း သိရသည်။
ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်အဆောင်တွင် သီးသန့်ကောင်တာတခု ဖွင့်လှစ်ဆောင်ရွက်ပေးကြာင်း၊ ယခုနောက်ပိုင်း ဝင်ရောက်သူ နိုင်ငံခြားသားများအနက် ဗီဇာလုပ်ပြီးမှ လာသူများနှင့် ဆိုက်ရောက်ဗီဇာ ယူသူတို့ကို နှိုင်းယှဉ်ပါက ဆိုက်ရောက်ဗီဇာ ယူသူ သိသိသာသာများကြောင်း လေဆိပ် လဝက အရာရှိက ပြောသည်။
စစ်အစိုးရက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းတော့မည်ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း အလုပ်အကိုင်နှင့် မှီခို နေထိုင်သူများကိုလည်း စိစစ်မှု ပိုမိုလုပ်လာကြောင်း ကာယကံရှင်များက ပြောကြသည်။
ပြည်တွင်းခရီးသွားအေဂျင်စီမှ တာဝန်ရှိသူတဦးက ဆိုက်ရောက်ဗီဇာကြောင့် ကမ္ဘာလှည့်ခရီးသွား တိုးတက်လာသည်ကို စာရင်းဇယားတို့တွင် ကြည့်ပါက ငြင်းမရနိုင်ကြောင်း၊ ယခု ကမ္ဘာလှည့်ခရီးသည် လည်ပတ်သည့်ရာသီ မဟုတ်သော်လည်း ခရီးသည် မှန်မှန်ဝင်နေကြောင်း၊ ဟိုတယ်များတွင်လည်း ယခင်နှစ်များကဲ့သို့ အခြေအနေ မဆိုးကြောင်း ပြောသည်။
၎င်းက “အခုအတိုင်းဆို ဆိုက်ရောက်ဗီဇာ ပိတ်ပင်ရုံမက ရိုးရိုးဗီဇာ ရယူဖို့လည်း ခက်ခဲလာမှာ သေချာတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ ဖြစ်တယ်” ဟု ဆိုသည်။
အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ မေ၊ ဇွန် (၂) လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားခရီးသည် (၄,၅ဝဝ) နီးပါးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ တရက်လျှင် ပျမ်းမျှ ခရီးသည် (၇ဝ) မှ (၁၁ဝ) ကျော် ထုတ်ပေးခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်တို့တွင် ခရီးသည် ပိုမိုလာကြောင်း သိရသည်။
ယခု ကြေညာချက်ကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ စိတ်ပျက်နေကြသကဲ့သို့ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရန် မဆိုထားနှင့် ရိုးရိုး ခရီးသည်များကိုပင် ပြည်ဝင်ခွင့် တင်းကျပ်လာသည့်အတွက် ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မည်မဟုတ်ဟု မှန်းဆနိုင်ကြောင်း ပြောဆိုကြသည်။

မဲတချို့တ၀က်ကို ရေတွက်အပြီးမှာတော့ လက်ရှိဝန်ကြီးချုပ် ဂျူလီယာ ဂီးလ့်ဒ် (Julia Gillard) ဦးဆောင်တဲ့ လေဘာပါတီ ကရော၊ တိုနီ အက်ဘော့တ် (Tony Abbott) ဦးဆောင်တဲ့ အတိုက်အခံ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအဖွဲ့ကပါ မဲအရေအတွက် ပြတ်ပြတ်သားသားနဲ့ အနိုင်မရသေးတာကိုတွေ့ရတဲ့အတွက် အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ ဦးဆောင်မယ့် ပါတီဟာ ဘယ်ပါတီဖြစ်လာမယ် ဆိုတာ မသဲကွဲသေးပါဘူး။
ဒါ့ကြောင့် အောက်လွှတ်တော်အမတ်နေရာ ၁၅၀ မှာပါဝင်တဲ့ အနည်းစုပါတီဖြစ်တဲ့ Green ပါတီကအမတ်တွေနဲ့ ပါတီမဖွဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေ လက်ထဲမှာ အာဏာချိန်ခွင်လျှာညှိရမယ့် လွှတ်တော်တရပ်ဖြစ်လာဖို့ အလားအလာများနေတယ်လို့ သုံးသပ်သူတွေက မြင်ပါ တယ်။ ဒီခြေအနေရောက်လာရင် သြစတြေးလျနိုင်ငံမှာ နှစ်ပေါင်း၇၀ အတွင်း ပထမဆုံး Hung Parliament လို့ ခေါ်တဲ့ လူနည်းစုအမတ်တွေရဲ့ ဆုံးဖြတ်မှု အရေးပါတဲ့ လွှတ်တော်တရပ် ပေါ်ပေါက်လာ ဖို့ရှိပါတယ်။
မစ္စ Gillard ကတော့ စနေနေ့ရွေးကောက်ပွဲဟာ သူမသာကိုယ်မသာအခြေနေမို့ ရလာဒ်မှန်ကိုသိရဖို့ အတွက် ရက်အတော်ကြာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ပြောပါတယ်။ ရွေးကောက်ပွဲရလာဒ်ကို မသိရခင်အချိန်အတွင်း သူမအနေနဲ့ ခိုင်မာတည်ငြိမ်တဲ့ အစိုးရ တရပ်အဖြစ်ရပ်တည်ပြီး လုပ်ဆောင်ပေးမယ်လို့လဲပြောပါတယ်။
Mr. Abbott ကတော့ အခုရွေးကောက်ပွဲကနေ လက်ရှိ လေဘာပါတီရဲ့ တရားဝင်ရပ်တည်မှု မခိုင်မြဲတာကို အသေအချာ ပြသရာ ရောက်နေတယ်လို့ ပြောပါတယ်။ လေဘာပါတီ အနိုင်ရမယ်ဆိုရင်တော့ မစ္စ ဂီးလာ့ဒ်ဟာ သြစတြေးလျနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါလိမ့်မယ်။ သူမဟာ အာဏာရ လေဘာပါတီအပေါ် လူထုထောက်ခံမှု လျော့နည်း ကျဆင်းသွားခဲ့တဲ့ လေဘာပါတီခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ်ဟောင်း Kevin Rudd နေရာမှာ လွန်ခဲ့တဲ့ နှစ်လက အစားထိုး တာဝန်ယူခဲ့တာဖြစ်ပါတယ်။
RFA ၊ ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်းက လယ်သမား ၂၀ ကျော်ဟာ ဒေသခံ အာဏာပိုင်တွေက လယ်သိမ်းယူတာ ခံရတဲ့နောက်ပိုင်း ပိုင်နက်ကျူးလွန်မှုနဲ့ တရားရုံးမှာ ရင်ဆိုင် နေရတဲ့အပြင် အမှုချိန်း မှန်မှန်မတက်ရင် ထပ်အရေးယူမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တာပါ ခံနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ရုံးချိန်းကို ၁၅ ရက်တကြိမ် ချိန်းဆိုနေပြီး တရားလိုဘက်က ပုံမှန် ရုံးချိန်းမလာတဲ့အတွက် အမှုစစ်ရာမှာ ကြန့်ကြာနေသလို၊ တရားခံဖြစ်တဲ့ တောင်သူတွေကိုတော့ အမှုချိန်းမလာနိုင်ရင် ထပ်ပြီး အရေးယူတာ ခံရမယ် လို့ ခြိမ်းခြောက် ထားတဲ့အတွက် တောင်သူတွေမှာ အလုပ်ပျက်အကိုင်ပျက် ရုံးချိန်းသွား နေရတဲ့ ပြသနာကို ရင်ဆိုင်နေရတယ်လို့ လယ်သမားတဦးက RFA ကိုအခုလို ပြောပါတယ်။
တောင်သူတဦး။ ။ ရုံးချိန်းကတော့ ၁၀ ချိန်းရှိသွားပြီး၊ တရားခံတွေဖက်ကတော့ တောကနေပြီးတော့ ၂၂ ဦးလုံးကတော့ အမြဲတမ်း အပတ်တိုင်း တက်တက်လာတယ်၊ ဒီဖက်က တရားလိုဖက်ကပေါ့နော် မယက က လာတာ မတွေ့ပဲနဲ့ တရားခံတွေဖက်ကချည်းပဲ လာလာနေရတယ်၊ လာတဲ့အခါကျတော့လည်း သူတို့က ရောက်တာနဲ့ ၁၅ ရက်တပတ် ချိန်း၊ ၁၅ ရက်တပတ်ချိန်း အဲ့လိုကြည့်ပဲ လိုက်လိုက်ချိန်းနေတယ်။

အခုအခါ တရားစွဲဆိုခံထားရတဲ့ တောင်သူတွေအားလုံးကို စစ်ဆေးပြီးသွားပြီး ဖြစ်နေပြီလို့ သိရပါ တယ်။ တောင်သူတွေမှာ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းမှုတွေ လုပ်နေရသလို အမှုချိန်းလာနိုင်ဖို့ အတွက် ခရီးစရိတ်ပါ ရှာဖွေနေရတဲ့ ဒုက္ခကြုံနေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပြီး တရားစွဲဆိုခံရစဉ် ကတည်းက လယ်ယာ မလုပ်ကိုင်နိုင်လို့ ဝင်ငွေမရှိတဲ့အတွက် တရားရုံးစရိတ်အတွက်ပါ တပူပေါ်တပူဆင့် ဖြေရှင်းနေရတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ဇီးဖြူကုန်းရွာက လယ်သမား ၂၂ ဦးရဲ့ လယ်မြေ ဧက ၄၀ ကျော်ကို မြို့နယ်အာဏာပိုင် တွေက အစိုးရပိုင် မြေဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာသိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ လယ်မြေ အသိမ်းခံ လိုက်ရတဲ့ တောင်သူတွေက သူတို့ လုပ်ကိုင်စားသောက်နေတဲ့ မြေဖြစ်တာကြောင့် နေရာတွေကနေ ဖယ်မပေးတာကြောင့် သူတို့ကို အာဏာပိုင်တွေက လယ်ယာမြေ ကျူးကျော်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီလိုတရားစွဲတဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၂၀၀၉ ခုနှစ် ဇွန်လ ၅ ရက်နေ့ကတည်းက မြို့နယ်တရားရုံးမှာ နှစ်ပတ်တခါ တရားရင်ဆိုင် နေကြရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အမှုကို တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ တွံတေးမြို့နယ် မယက ဒုဦးစီးမှူး ဦးညီညီဇော်ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ သူဘာမှ မသိဘူးလို့ ပြောဆိုပြီး ဖုန်းချသွားပါတယ်။
ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့ တွံတေးတရားရုံးက တရားသူကြီး ဦးအေးကိုကို ကိုလည်း ဆက်သွယ်မေးမြန်း ကြည့်ရာမှာလည်း ဒီကိစ္စကို တယ်လီဖုန်းနဲ့ မပြောဆိုလိုကြောင်း ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။
http://www.rfa.org/burmese/news မှ ကူးယူဖော်ပြပါသည်။

30 ဇွန် 2010...သျှမ်းသံတော်ဆင့်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံ လ၀က ရုံးတွင် အသက် ၁၈ နှစ်ပြည့် ကြံ့ဖွံ့အသင်းဝင်များ မှတ်ပုံတင် အခမဲ့ လုပ်ပေးသော်လည်း ၁၀ နှစ်ပြည့်ကလေးများအတွက် ကျပ်သိန်းချီကောက်ခံနေကြောင်း စုံစမ်းသိရှိရ သည်။
ကလေးတယောက်အတွက်မှတ်ပုံတင်လုပ်ခ ကျပ်ငွေ ၅ သိန်းပေးဆောင်ရန် လ၀က ခရိုင်မှူး ဦးအောင် မျိုးလွင် ကိုယ်တိုင် ကလေးမိဘများအားခေါ်ယူတွေ့ဆုံပြောကြားကြောင်း၊ ၁၈ နှစ် ပြည့်ပြီး ငွေကြေးမပြည့် စုံသူများ ကြံ့ခိုင်ရေးအသင်း ၀င်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေးမည်ဟုလည်း ကျိုင်းတုံ လ၀ကမြို့နယ်မှူး စိုင်းဆိုင်တွီ က စည်းရုံးပြောဆိုခဲ့ကြောင်း ကျိုင်းတုံမြို့သား စိုင်းဆမ်တစ် ဤကဲ့သို့ပြောပြ၏။
“မှတ်ပုံတင် လုပ်ခတစ်ယောက် ၅ သိန်းထည့်ရမယ်။ ထည့်တဲ့သူ မှတ်ပုံတင် လုပ်ပေးမယ်။ မထည့်ရင် မလုပ်ပေးဘူး။ မကျေနပ်ရင် ဘယ်ဌါနကို တိုင်ချင်တိုင်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်သူတွေ ကြံ့ဖွံ့ အသင်းဝင်ရင် မှတ်ပုံတင် အလကား ရမယ် - လို့ လ၀ကရုံးကပြောတယ်”
ကျိုင်းတုံမြို့နယ်တွင် အသက် ၁၀ နှစ်အထက် ကလေးများအား ဧပြီလမှစ၍ မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ် ကြောင်း နံရံတွင်စာကပ်ထားသည်ဟုဆို၏။
ငွေကြေးတတ်နိုင်သူ လူနည်းစုကသာ ပြုလုပ်ကြသော်လည်း ငွေကြေးမတတ်နိုင်သူအများအပြားက “ သူတို့ ၁၈ နှစ်ပြည့်မှဘဲလုပ်ပေးမယ်။ အခုလဲ ဘယ်မှ သွားစရာမှမလိုတာ။ အဲ့ဒီအချိန်ကျမှ ကြံ့ဖွတ်အသင်းဝင်ပြီး မှတ်ပုံတင် အလကားလုပ်ပေါ့” - ဟု ဆိုကြကာ လ၀ကရုံးမှ အသီးသီး ပြန်လှည့်ထွက်ကြကြောင်း အမည် မဖေါ်လိုသည့် ကလေးမိခင်တဦးက ပြောသည်။
မှတ်ပုံတင်လုပ်ခအတွက် ငွေကြေးကောက်ခံသူများမှာ ဦးအောင်မျိုးလွင်(လ၀ကခရိုင်ဦးစီးမှူး)၊ စိုင်းဆိုင်တွီ (လ၀ကမြို့နယ်မှူး)နှင့် ဦးကျော်ကျော်လှိုင် (လ၀ကစာရေး) တို့ဖြစ်ကြသည်။

30 ဇွန် 2010...VOA
မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့ တရားဥပဒေကြောင်းအရ စီစဉ်နေပါတယ်။ မြန်မာ့လေတပ်က ဗိုလ်မှူးချုပ်ဇင်ယော်ဟာ သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါနေတာကြောင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့ သမီးဖြစ်သူကို နိုင်ငံရင်း ပြန်ပို့ဖို့ကိစ္စ ဖြစ်လာတာပါ။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
တပ်မတော်လေတပ်စခန်း ဌာနချုပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မဇင်မွန်အေးဟာ ကိုယ့်ရဲ့ မိသားစု အချက်အလက် အမှန်တွေကို ဖုံးကွယ် ပြောင်းလဲပြီး သြစတြေးလျနိုင်ငံ အနောက်ပိုင်း ဆစ်ဒနီ တက္ကသိုလ်မှာ တက်ရောက်နေတာကို သြစတြေးလျ အာဏာပိုင်တွေက သိသွားတဲ့အကြောင်း၊ ဒီလို အခြေအနေတွေ ဖြစ်အောင် သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အစိုးရကို မကြာခဏ တိုက်တွန်းခဲ့တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားတဲ့ ဘားမားကမ်ပိန်း သြစတြေးလျအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ရှင်းပြပါတယ်။
“မြန်မာနိုင်ငံကလာတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ သားသမီးတွေက မိဘနာမည်တွေ ပြောင်းထားတာ ရှိတယ်၊ လိပ်စာတွေ ပြောင်းထားတာရှိတယ်၊ စသည်ဖြင့် သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ ပြောင်းပြီးတော့ ဒီမှာလာပြီး ကျောင်းတက်နေကြတာ ရှိတယ်၊ စီးပွားရေး လုပ်နေကြတာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲ ကြားထဲမှာပဲ ကျနော်တို့က သြစတြေးလျ အစိုးရကို ရအောင် ထောက်လှမ်း စုံစမ်းပြီး အရေးယူပါလားဆိုပြီး ကျနော်တို့က မကြာမကြာ သူတို့ကို ဆက်သွယ်ပြီးတော့ အမြဲတမ်း ဖိအားပေးပါတယ်။
“အဲဒီတော့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက ဆစ်ဒနီမြို့မှာရှိတဲ့ တက္ကသိုလ်ကြီးတခုမှာ ကျောင်းတက်နေတယ်။ အဲဒါကို သူတို့ သိသွားလို့ သြစတြေးလျ ထောက်လှမ်းရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့ ပေါင်းပြီးတော့ အခုလို ဖော်ထုတ်ပြီး အရေးယူတာပါ။”
၂၀၀၇ ခုနှစ်တုန်းက မြန်မာပြည်မှာ သံဃာတော်တွေ ဦးဆောင် ဆန္ဒပြခဲ့တဲ့ အရေးအခင်းနောက်ပိုင်း သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စုစုပေါင်း ၄၁၈ ဦးကို သြစတြေးလျကို မလာရအောင် ပြည်ဝင်ခွင့် ဗီဇာတွေကို ပိတ်ပင်ထားပြီး သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို လုပ်ခဲ့တာပါ။ အခု ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ချေပခဲ့ပေမဲ့လည်း တရားရုံးက လက်မခံလို့ မြန်မာပြည် အမြန်ဆုံးပြန်ရေး ဒီကနေ့ပဲ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“အကြောင်းပြတာက တရားရုံးမှာ ရင်ဆိုင်ပြီးတော့ သူ့မိဘနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ သဘောထားလည်း မတူဘူး၊ သူက ပညာသင်တဲ့ ကျောင်းသူပဲဖြစ်တယ် ဆိုပြီးတော့ သူ့အနေနဲ့ လူသားချင်း စာနာတဲ့ဘက်က လျှောက်လဲတာမျိုးတွေ ရှိပေမဲ့ တရားသူကြီးတွေက အဲဒီအပေါ်မှာ လက်မခံဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ပညာလာသင်ကြတယ်ဆိုတဲ့ နေရာမှာ ရိုးရိုးသားသား လာသင်တဲ့လူတွေကတော့ အားပေးရမှာပေါ့။
“သို့သော် မြန်မာပြည်သူတွေရဲ့ ချွေးနည်းစာတွေကို ခေါင်းပုံဖြတ်ပြီး ဒေါ်လာတွေကို သုံးဖြုန်း ပညာလာသင်နေတဲ့ ဗိုလ်ချုပ်သားသမီးတွေကျတော့ အစိုးရဘက်က လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအကြောင်းပြချက်နဲ့ သူတို့ကို ပြန်ပို့တာ ဖြစ်ပါတယ်။ ချက်ချင်း ထွက်သွားဖို့တော့ မပြောပါဘူး။ အမြန်ဆုံး ထွက်ခွာဖို့တော့ ပြောထားပါတယ်။ အချိန်တော့ သူတို့ ပေးပါလိမ့်မယ်။”
တကယ်တော့ အခု မဇင်မွန်အေးက သြစတြေးလျကနေ မြန်မာပြည်ကို ပြန်ပို့ခံရသူတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ရှေ့မှာလည်း တချို့ ရှိခဲ့တဲ့အကြောင်း ဒေါက်တာမြင့်ချိုက ဆက်ပြီး ရှင်းပြပါတယ်။
“သူ့ရှေ့မှာ ၂ ယောက် ၃ ယောက် ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်သားသမီးတွေပဲ။ သူတို့ ကျောင်းတက်နေရင်းနဲ့ နောက်ဆုံး ပေါ်သွားတဲ့ အခါကြတော့ မြန်မာပြည်ကို ပြန်ပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ။ အဲဒါမျိုးတွေ အများကြီး ရှိသေးတယ်ခင်ဗျ။ ကျနော်တို့ မြန်မာအသိုင်းအ၀ိုင်းကတော့ နီးစပ်ရာ နီးစပ်ရာ ထောက်လှမ်းစုံစမ်းပြီး အစိုးရကို အသိပေးနေတာပဲ။”
ဘားမားကမ်ပိန်း သြစတြေးလျက ဒေါက်တာမြင့်ချို ပြောပြသွားတာ ဖြစ်ပါတယ်။
တကယ်တော့ သြစတြေးလျနိုင်ငံ တခုတည်းက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ထားတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကလည်း ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် အချက်အလက် အထောက်အထားတွေကို ဖုံးကွယ်ပြောင်းလဲပြီး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေထဲမှာ ၀င်ရောက် နေထိုင်နေကြတာတွေ၊ ပညာသင်ကြားနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက မကြာခဏ ထွက်ပေါ်နေတာပါ။ ဒါပေမဲ့ ဖော်ထုတ်ဖို့ ခက်ခဲနေလို့ အရေးယူမှုတွေ ဖြစ်မလာသေးတာလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောကြပါတယ်။
၃၀ ဇွန် ၂၀၁၀...(မဇ္ဈိမ)
နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။
ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။
“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။
“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်းပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်းအစိုးရအရာရှိများ၏ လိမ်ညာ ထား ချက်များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။
စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။
“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယားတပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံမူကြမ်းများမှာ ကျွမ်းကျင်မှု မရှိ ခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာစစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်”ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့်စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီခေါင်းဆောင် ၂ ဦးနှင့် လူငယ်အဖွဲ့ဝင်များက အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။
ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ပါတီလူငယ် ၉ ဦးက ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမာကီတို့၏ နေအိမ်များသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
“အင်မတန်မှ အနစ်နာခံကြတဲ့ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာအရ၊ သူတို့ရဲ့ ကျန်းမာရေးအရ၊ သူတို့ အကျဉ်းကျခံရတဲ့ အချိန်မှာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာရှိတော့၊ လူသားတယောက်အနေနဲ့ ထိုက်သင့်အားလျော်စွာ ခံစားစံစားခွင့် ရနိုင်တဲ့ ဟာတွေနဲ့ ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း စေတနာ၊ စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးချင်တဲ့ ဆန္ဒအရ သွားရောက်တွေ့ဆုံခဲ့တယ်” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့ရှိ ကိုမင်းကိုနိုင်နှင့် ကိုမာကီတို့၏ နေအိမ်များနှင့် တောင်ဥက္ကလာပရှိ ကိုကိုကြီး၏ နေအိမ်များဆီသို့ NLD ခေါင်းဆောင်များ သွားရောက်ခဲ့ရာ မိသားစုဝင်များက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။
ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “အိမ်အထိလာပြီး အားပေးစကားပြောတဲ့အတွက် ဝမ်းသာတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။ အကို အထဲရောက်နေတယ်ဆိုတော့ အကျိုးအကြောင်း လာမေးတဲ့ သဘောပါ။ နေကောင်းလား၊ မကောင်းလား။ နေရာကလည်း ဝေးတော့ ရောက်လား၊ မရောက်လား ဆိုတာတွေကို မေးတာပါ’’ ဟု မဇ္ဈိမကို ပြောသည်။
ဦးတင်ဦးသည် ၂ဝဝ၃ မေလ ဒီပဲယင်းတိုက်ခိုက်မှု ပြီးကတည်းက ဖမ်းဆီးခံနေရစဉ်၊ ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းတွင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့လွတ်မြောက်နေစဉ် ဦးဝင်းတင်မှာလည်း အကျဉ်းထောင်မှ မလွတ်မြောက်သေးပါ။
ထို့အပြင် ကျောင်းသားခေါင်းဆောင်များသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရပြန်ပြီးမှသာ ဦးဝင်းတင်သည် ၂ဝဝ၈ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ဦးတင်ဦးမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း လွတ်မြောက်လာခဲ့သည်။
’’သူတို့တွေက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လှုပ်ရှားခဲ့၊ ရှိခဲ့ဖူးတော့ သူတို့ကျေးဇူးတွေ ရှိကြတာကိုးဗျ။ ကျနော်တို့ကလည်း အကျဉ်းကျနေတော့ တယောက်နဲ့တယောက် မဆုံဖြစ်ဘူးပေါ့ဗျာ။ အဲဒီအပေါ် အကြောင်းပြုပြီးတော့ ဦးဝင်းတင်နဲ့ ညှိနှိုင်းပြီး သွားလိုက်ကြတာ” ဟု ဦးတင်ဦးက ပြောသည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ ကိုအံဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီ၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရကာ ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။
မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင် ၁၉၈၈ နှစ်လည်ပိုင်းအထိ မြေအောက်လှုပ်ရှားမှုများဖြင့်သာ ရပ်တည်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကွန်ဂရက် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေးကြီးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသည်။
သို့သော် ကျောင်းသားခေါင်းဆောင် အများအပြားမှာမူ ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသေးသည်။
၎င်းတို့ ပြန်လည်လွတ်မြောက်လာသည့် ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်

၃၀ ဇွန် ၂၀၁၀...ခေတ်ပြိုင်
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။
မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။
မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။
စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။
မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။
ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။
မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။
ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။
ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။

မြန်မာနိုင်ငံမှ အမျီုးသမီးများအပေါ် စစ်အစီုးရမှ ကျူးလွန်သော ရာဇ၀တ်မှူများနှင့်ပတ်သော နိုင်ငံတကာ ပြည်သူတရားရုံး (ဂျပန်)
27-June-2010 နေ့ Aoyama Gakuin University (Shibuya-Tokyo-Japan) တွင် ကျင်းပသည့်ပြည်သူတရားရုံးမြင်ကွင်းဓါတ်ပုံမှတ်တမ်း။
NEWS AND PHOTO BY THAR HTET (BCJP/NEWS)
27-6-2010

27 June,2010...BCJP NEWS
နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများ၊ အကြမ်းဖက်ကျူးလွန်မှုများအားအရေးယူ ဆောင်ရွက်သွာနိုင်ရန် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၃ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်မှု ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၃၀ ထိပြုလုပ်ခဲ့ပြီး ၅း၃၀ မှ ၆း၃၀ ထိသတင်းစာရှင်းလင်းပွဲများကိုပြုလုပ်ခဲ့ပါသည်။
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် တရားစီရင်
မှုအားဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်တွင် တာဝန်ယူကြသူများမှာ Hamada Kunio - ရှေ့နေ (တရားရုံးချုပ် တရားသူကြီးဟောင်း)၊ Kubori Hideaki - ရှေ့နေ (ဂျပန်နိုင်ငံ ရှေ့နေများအသင်းချုပ် ဒုတိယ ဥက္ကဌဟောင်း)၊ Goto Hiroko – Chiba University ဥပဒေပါမောက္ခ (ဂျပန်အစိုးရအဖွဲ့ အမျိုးသမီး-အမျိုးသား တန်းတူ ညီမျှရေး ဌာန၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်)၊Niikura Osamu – Aoyama Gakuin University ဥပဒေ ပါမောက္ခ၊Shikita Miho - ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူ့တရားသူကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘက်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားခဲ့ပါသည်။
မြန်မာအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မ လုပ်အားပေးခိုင်းစေမူများ၊ လူ့အခွင့်အရေး
ဆုံးရှုံးနေမှုများနှင့် ဆိုးရွားနေသည့် အမျိုးသမီးရေးရာကိစ္စများတို့ကို တရားသူကြီးများ၏ ရှေ့မောက်၌ လျှောက်လဲသွားပါသည်။ နှစ်ဘက်ရှေ့နေများတို့မှ အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့တရားသူကြီးများအဖွဲ့မှ ဆုံးဖြတ်ချက်(၈)ချက်ကို စီရင်ချက် ချမှတ်ခဲ့ပါသည်။
ထို့နောက် တရားသူကြီး ၅ဦးမှ မိမိတို့၏ တသီးပုဂ္ဂလခံစားချက်များကိုလည်း ရှင်းလင်းပြောကြား
သွားခဲ့ကြပါသည်။
ပြည်သူ့ခုံရုံးတွင် တရားစီရင်မှုအစီအစဉ်များကို http://burmacampaign.net/တွင် ကြည့်ရှုနိုင်ပါသည်။ သက်သေ ထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။
အမျီုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် Japan နိုင်ငံ Humam Right Now (HRW) တို့မှတာဝန်ယူ ကျင်းပသည့် မြန်မာနိုင်ငံ မှ အမျီုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်သော ရာဇ၀တ်မှူများနှင့် ပတ်သက်သည့် ဟောပြောပွဲ နှင့် နိုင်ငံတကာပြည့်သူခုံရုံးကို Japan နိုင်ငံ Aoyama Gakuin University တွင်ပထမဦးဆုံးကျင်းပသည့် အခမ်းအနား ဓါတ်ပုံမှတ်တမ်း။
26 June,2010...BCJP NEWS
မြန်မာနိုင်ငံမှ အမျိုးသ္မီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့်ပတ်သက်သောနိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲအား ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘုရမြို့နယ်ရှိ Aoyama Gakuin University တွင် ဂျပန်နိုင်ငံ စံတော်ချိန် နေ့လည် ၁နာရီခွဲမှညနေ ၅နာရီထိကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ဂျပန်နိုင်ငံရှိ ဒုက္ခသည်များနှင့်လူ့အခွင့်ရေးများဆိုင်ရာ ရှေ့နေများ၊
အမျိုးသ္မီးရေးရာနှင့်လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များအား အထူးပြုလေ့လာနေသည့်ဂျပန်ကျောင်းသားလူငယ်များ၊ ဂျပရန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအရေးကို တက်ကြွစွာ လှုပ်ရှားနေသည့်
နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ပါသည်။ မြန်မာအမျိုးသ္မီများသမဂ္ဂနှင့်Burma Campaing Japanမှပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသ္မီးသမဂ္ဂဥက္ကဌ ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံတွင်း စစ်အစိုးရမှမတရားကျင့်ကြံနေသည့် ရာဇ၀တ်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အမေရိကန်နိုင်ငံ George University မှ အမျိုးသ္မီးရေးရာနှင့် လူ့အခွင့်အရေးများဆိုင်ရာ
ဂုဏ်ထူးဆောင်ပါမောက္ခ Ms Meguro Uriko မှ လက်ရှိ မြန်မာ့အမျိုးသ္မီးများဆိုင်ရာနှင့်
လူ့အခွင့်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသွားပါသည်။
ယခုနှစ် ၉လပိုင်းတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအမျိုးသ္မီးရေးရာ ပြန်လည်သုံးသပ်
မည့်အစည်းအဝေးတွင် မြန်မာပြည်တွင်း ဆိုးရွားနေသည့် အမျိုးသ္မီးရေးရာကိစ္စများအား
တင်ပြသွားမည့်အကြောင်းကိုလည်းပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံရှေ့နေများမှလည်း ဂျပန်နိုင်ငံအစိုးရမှ ဆောင်ရွက်နိုင်မှုနှင့်ဥပဒေကြောင်း
အရဆောင်ရွက်နိုင်မှုများကိုလည်း ဆွေးနွေးတင်ပြသွားပါတယ်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေဖြင့် တားဆီးရန် ၂၀၁၀ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ်ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံး ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ပြည်သူများအပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ခုံရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတကာ ပြည်သူ့ခုံရုံးဖွင့်၍ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။
မြန်မာအမျိုးသမီးများအပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ခုံရုံးဖြစ်ကြောင်း BCJP သို့ ပြောကြားလာပါသည်။
အဆိုပါ ပြည်သူ့ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘတ်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘတ်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုက်ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)
၂၀.၆.၂၀၁၀...VOAနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဖြာဖြာသော ကိစ္စရပ်တွေမှာ မွန်းကျပ်နေတဲ့ မြန်မာလူထုအဖို့ အခု ကမ္ဘာ့ဖလား ဘောလုံးပွဲဟာ စိတ်သက်သာရာ ရစေမယ့် ထွက်ပေါက်တခု ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကိုပဲ ပိုပြီး စိတ်ဝင်စားနေကြတယ်လို့လည်း ပြောကြပါတယ်။
အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးမျိုးသော အခက်အခဲတွေနဲ့ မွန်းကျပ်မှုတွေအတွက် အခုအချိန်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကြည့်ရှုအားပေးနေရတာက အခုအချိန်မှာ စိတ်သက်သာရာ ရစေတဲ့ ထွက်ပေါက်တခု ဖြစ်နေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ တိုင်းပြည်တခုအတွက် အရေးကြီးတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲကို လူထုက အာရုံထား စိတ်ဝင်စားမှု မရှိဘဲ အများရဲ့စိတ်ထဲမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကသာ လွှမ်းမိုးနေတယ်လို့ စာရေးဆရာ ဦးအောင်သင်းက ပြောပါတယ်။
“လူတွေက ရွေးကောက်ပွဲကို စိတ်မ၀င်စားတာတော့ အမှန်ပဲ။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပါပဲ။ စိတ်မ၀င်စားတာကတော့ ဘယ်သူနိုင်နိုင်၊ ဘယ်ဝါနိုင်နိုင် ဆိုတာလည်း ဘာမှ ပြောလို့မရဘူး။ အဲဒါကြောင့် စိတ်မ၀င်စားတာလည်း ပါတယ်။ ဆိုတော့ ဘယ်သူရရ၊ ဘယ်သူတက်တက်၊ ဘာပဲဖြစ်ဖြစ် အဲဒါကို စိတ်မ၀င်စားတော့ဘူး။ ကိုယ်နဲ့မပတ်သက်တော့ဘူးလို့ အဲဒီလို ထင်သွားကြတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအတိုင်း ဖြစ်နေတာပဲ။”
နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲကို တိုင်းပြည်လူထု စိတ်ဝင်စားမှု မရှိတာဟာ တကယ်တော့ နိုင်ငံရဲ့ အနာဂတ် မကောင်းသလို ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့လည်း ဆိုကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက လူထုကို ကိုယ်စားပြုခြင်း မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု မရှိတာဟာ မှန်ကန်တဲ့ တိုင်းသူပြည်သားရဲ့ ရပ်တည်ချက် ဖြစ်တယ်လို့ သတင်းစာဆရာကြီး ဦးသာဘန်းက သုံးသပ်ပါတယ်။
“အမှန်အတိုင်း ပြောရရင်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ လူတွေဆိုတာက သာမန်လူတွေက မြန်မာပြည်မှာ မွန်းကျပ် ပိတ်ဆို့ထားတဲ့ဟာကို ထွက်ပေါက်ရှာချင်တော့ အခု ကမ္ဘာ့ဖလားက ထွက်ပေါက်သဘောမျိုးနဲ့ပေါ့လေ၊ အားကစားဆိုတော့၊ ရှာပြီးတော့ ကြည့်ကြတာပဲလေ။ ပျော်စရာလေး တခုပေါ့လေ၊ ကြည့်စရာလေးတခု၊ အဲဒီလို ကြည့်ကြတယ်လို့ ယူဆတယ်။
“နိုင်ငံရေးအရ ပြောရရင်တော့ ရွေးကောက်ပွဲကို စိတ်မ၀င်စားဘူးဆိုတာ လူထုအတွက် သိပ်မှန်တာပေါ့။ သူတို့ လုပ်ချင်တာလုပ်တဲ့ ရလဒ်၊ ၂၀၀၈ ဖွဲ့စည်းပုံတုန်းကလည်း ဒီလောက် ဒုက္ခတွေရောက်တဲ့ နာဂစ်မုန်တိုင်းကာလမှာ ဖွဲ့စည်းပုံ အတည်ပြုရေး လုပ်တဲ့အတွက်ကြောင့်လည်း နာဂစ်ဖွဲ့စည်းပုံလို့ ပြည်သူက နာမည်ပေးခဲ့တာပဲလေ။ အဲဒါပြီးတော့ အခု ရွေးကောက်ပွဲ လာတော့လည်း တင်းကျပ်မှုတွေက အများကြီးလေ။ အဲဒါကြောင့် စိတ်မ၀င်စားတာပါ၊ လူထု စိတ်မ၀င်စားတာကတော့။ သူတို့လည်း အကြိမ်ကြိမ် အလိမ်ခံရပြီးပြီပေါ့ဗျာ။ နောက်ထပ် အလိမ်မခံချင်တဲ့ သဘောပါပဲ။”
ရှေ့လ ဇူလိုင် ၁၁ ရက်နေ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ပြီးပြီဆိုရင်ရော ဒီရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု ပြန်ရဖို့ ရှိပါသလား၊ ဆရာ ဦးသာဘန်းရဲ့ အမြင်ကတော့...
“သည်းခံနိုင်သလောက်တော့ ခံမှာပဲလို့ ယုံကြည်တယ်။ ရွေးကောက်ပွဲကိုတော့ ကမ္ဘာ့ဖလားပွဲပြီးရင် အလောင်းအစားဖြစ်တဲ့ ၂ လုံးတို့၊ ၃ လုံးတို့ကို လှည့်ကြမှာပေါ့လေ။ ဒါ လူထုအတွက် အများဆုံး ဖြစ်နေတဲ့ ကိစ္စကိုး။”
သတင်းစာဆရာကြီး ဦးသာဘန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်တော့ ခုချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာထက် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကဖြင့်သာ မြန်မာလူထုရဲ့ အာရုံကို လွှမ်းမိုးထားနိုင်ဆုံးလို့ ပြောကြပါတယ်။

Recent Comments